ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Thursday, May 21, 2015

နိုင်ငံရေးပြဿနာတဲ့လား



နိုင်ငံရေး ပြဿနာတဲ့လား
နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းနဲ့ ဖြေရှင်းရမယ်ဆိုတဲ့စကားကို မကြာခဏကြားခဲ့ရတယ်။နိုင်ငံ ရေးပြဿနာဆိုတာဘာလဲလို့ ပြန်သရုပ်ခွဲလိုက်တဲ့ အခါ အဘိဓမ္မာရေး၊ ဘာသာရေး၊ယဉ်ကျေးမှု၊  စစ်ရေး၊ လူမျိုးရေး၊ စီးပွါးရေး၊ ပညာရေး ၊နယ်မြေ၊လူမှုရေး ဆိုတာတွေ ပါလာတာကိုတွေ့နိုင်တယ်။ ဒါပေမဲ့ မြန်မာ ပြည်မှာ ဖြစ်နေတဲ့ ကိစ္စက အဲဒါတွေ ဟုတ်ဘဲ စစ်တပ်က သေနတ်နဲ့ တိုင်းပြည်အာဏာကိုလုပြီး ချုပ်ကိုင် ထားတဲ့ ကိစ္စဖြစ်တယ် လက်နက်နဲ့ အာဏာသိမ်းထားခြင်းဖြစ်တယ်။ ရှင်းအောင်ပြောရရင်တော့ ပြန်ပေးက အိမ်ရှင်ကို ဖမ်းပြီးအိမ်ကို ကြီးစိုးနေတာဖြစ်တယ်။  ဒါကို နိုင်ငံရေး ဆိုပြီးလုံးတုတ်လို့ မရဘူး။ အာဏာလု ထားတဲ့ ပြဿနာကိုအာဏာလု ပြဿနာလိုဘဲ ရှင်းရှင်းဒဲ့ ပြောသင့်တယ်။
အခုတော့ ပြန်ပေးသမားက သူဟာအိမ်ရှင်ဖြစ်တယ်လို့ ကြံဖန်အကြောင်းတွေပြနေတယ်။ ထမင်းဖိတ်ကျွေး၊ လက်ဆောင်တွေပေးပြီ သူဟာ အိမ်ရှင် ဖြစ်ကြောင်း ထောက်ခံပေးမည့်သူတွေကိုမွေးနေတယ်။ အဲဒီအထဲမှာ ပြန်ပေးကို မလှန်ရဲ၊ မလှန်နိုင်၊ မလှန်ဝံ့သူတွေက သူတို့ပြောခဲ့တဲ့ စကားတွေကို   မျိုချရင်း ပြန်ပေး ပေးတဲ့ ပါတီပွဲမှာ အရှက်ကင်းကင်းနဲ့ ၀င်ရောက်တက်ရင်း အားပေးထောက်ခံကြတယ်။ မျက်နှာဆယ်တဲ့ အနေနဲ့ ဟန် ဆောင် ဆန့်ကျင်ပြကြတယ်။ သူတို့ပြောမည့် အကြောင်းပြချက်က “ခေတ်ကဒီလိုဘဲလေ” လို့ ဆိုကြမယ်။
အလုခံထားရတဲ့ ကိုယ်အိမ်ကို ပြန်ရဖို့ဆိုတာ တောင်းပန်တိုးရှိုးယုံနဲ့ လုတဲ့လူကပေးမှာတဲ့လား၊ လုတဲ့ လူမျက်စေ့လယ်အောင် ကြည့်ချင်စဖွယ်မျက်လှည့်တွေပြပြီး အိမ်သော့ကို ခါးပိုက်နှိုက်သလို ပြန်နှိုက် ယူ မလို့လား၊ လုတဲ့လူ အိပ်မောကျတဲ့ အထိ သူ့ဂုဏ်တော်တွေကို ရွတ်ဆိုချီးမွမ်းကြမှာလား၊ သူရဲ့ လောဘကို ကျေနပ်တဲ့ အထိ လိုက်လျှောမှုတွေလိုက်လုပ်ကြရမှာလား၊ သူရိုက်တာ၊ သတ်တာကိုလည်း ခံရဲတယ် ဆိုတာပြပြီး သူစိတ် ကောင်းဝင်လာအောင်လုပ်ကြမှာလား။ ဒီလိုလုပ်နေတာတွေကို သူက သူ့ကို ကြောက်ရွံ့ ၀ပ်တွားနေကြောင်း ကောင်းကောင်းသိပါတယ်။ သူက ပရိယာယ်တွေကို ပြည်တွင်းက ဖေါက်ပြန်တဲ့ လူတွေဆီ ကသာမက နိုင်ငံခြားကပါ မှာယူတင်သွင်းထားပါတယ်။ ဒါကြောင့်ဘဲ ပရိယာယ်တွေဟာ သူကိုတိုက်ရိုက် မဆန့်ကျင်ရဲတဲ့ လူတွေ သုံးတဲ့ နည်းဆိုတာ အင်တာနက်ကင်မရာလိုဟာရှိတဲ့ သူက ကြိုမြင်ပြီးသား။
လုထားတဲ့ အာဏာကို ပြန်လုဖို့ မကြိုးစားသ၍ သူက ဘာမှ မပူပါဘူး၊ ဒါကြောင့်ဘဲ ဦးအောင်မင်းက “ အချုပ်အဲခာအာဏာကို မထိပါသ၍” ဘာမဆို ညှိနှိုင်း နိုင်တယ်လို့ ဆိုတာပေါ့။ အချုပ်အခြာအာဏာဆိုတာ တိုင်းပြည်ရဲ့ အချုပ်အခြာကိုပြောတာမဟုတ်ဘဲ သူတို့ လုထားတဲ့ အာဏာကိုပြောတာပါ။ တိုင်းပြည်အတွက် သူတို့ကလုပ်တာမဟုတ်၊ တိုင်းပြည်နဲ့လူထု ဘယ်လောက်ပျက်စီးပျက်စီ၊ ဘယ်လောက်နိမ့်ကျနိမ့်ကျ မှုမည့်သူ တွေလည်းမဟုတ်ပါဘူး။
အာဏာပြန်လုရေးကို “ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်း” ရမယ်ဆိုတဲ့ မရေမရာေ၀၀ါးပြီး ကမ်းမမြင်လမ်းမမြင်တဲ့ အတွေးအခေါ်တွေကနေ ဖေါက်ထွက်ကျော်တက်ဖို့လိုနေတယ်။  အိမ်ဦးခန်းမှာ ထိုင်ဗိုလ် ကျနေတဲ့ ပြန်ပေးသမားကို လွယ်လွယ်နဲ့ မောင်းထုတ်လို့ မရနိုင်တာကို လွန်ခဲ့တဲ့ သွေးမြေကျ မှတ် တမ်းတွေက ပြနေပြီးသားပါ။ဒါပေမဲ့ မတရားမှုဟာ တနေ့နေ့နချိန်ချိန်မှာ တွန်းလှန်ဖယ်ချခံရမှာ သေချာပါတယ်။ မတွန်းလှန်လို့တော့ တရားမှုဟာအလိုလိုပျောက်ကွယ်မသွားဘူး။ ဒီဘုရင်ပြီးဟိုဘုရင် စစ်ဘုရင်မင်းဆက်က ဆက်ရှိနေလိမ့်မယ်။ ဒီလောက်ကောင်းတဲ့ ထိုင်ခုံကို ဘယ်သူက အလကားစွန့်မှာလဲ။ ဒီတော့ လူထုကသာ တိုက်ပွဲဝင် တော်လှန်ဖယ်ရှားရမှာပါ။ သစ္စတရားက တော်လှန်ရေးဘက်မှာရှိတယ်။ အ ကောင် အထည် ဖေါ် တဲ့လူတွေ၊ ကျွမ်းကျင်မှုနဲ့ ထက်မြက်မှု အပေါ်မှာသာ အချိန်အတိုအရှည် ဖြစ်နေတာပါ။
ထက်မြက်ဖို့ရာမှာ အတွေးအခေါ်ေ၀၀ါးမှုတွေကို ရှင်းလင်းဖယ်ထုတ်ရမှာမို့ မှာယွင်းတဲ့ ဝေါဟာရတွေက ပကတိအခြေအနေကို မထင်ဟပ်တော့ စတင်ခွဲခြားရှင်းလင်းတာကိုလုပ်ရတာ။ လုယူခံရတဲ့ လူထုအာဏာပြန်ရ ရေး လုပ်ငန်းဟာ ရှင်းလင်းတယ်။ စစ်အာဏာကို ဖယ်ရှားပြစ်ရမယ်။ တိုက်ဖျက်ပြစ်ရမယ်။ ဒီအလုပ်ဟာ ဒီနေ့ မြန်မာပြည်သူအားလုံးရဲ့ အလုပ်ဖြစ်တယ်။ လွယ်တဲ့ ကိစ္စတော့ မဟုတ်ဘူး။ ဒါကြောင့်ဘဲ တော်လှန် ရေးလို့ ခေါ်တာ။ လွယ်တာလိုက်ချင်ရင်တော့ ရန်သူ့လက်ပါးစေသာလုပ်ကြတော့။ အခုလည်း အလွယ်လိုက် သူ တွေကို ရန်သူက အသုံးချ အမြတ်ထုတ်နေတာကို သတိပြုမိကြပါရဲ့လား။ အလွယ်လိုက်ရင် အမျိုးသမီးဆိုရင် ဘာဖြစ်သွားမလဲ။ သိပ်အလွယ်မလိုက်ကြနဲ့။ လူဟာ လူ့ဂုဏ်သိက္ခာရှိမှ တင့်တယ်ပါတယ်။ သေရ ကျိုး လည်း နပ်ပါတယ်။
ဒါကြောင့် တွေဝေယိမ်းယိုင်မှုတွေကို ဖယ်ရှားပြီး လုယူခြင်းခံရတဲ့ လူထုအာဏာကို ပြန်ရရေးအတွက် အဖိနှိပ်ခံ စစ်သားတွေအပါအ၀င်၊ တိုင်းရင်းသား ပေါင်းစုံ လူထုကြီးက မတရားဖိနှိပ် အုပ်စိုး မင်းမူနေတဲ့ ကြံ့ဖွတ် စစ်အာဏာရှင်တွေကို တော်လှန်ပုန်ကန် တိုက်ပွဲဝင်ပြီး လူထုအာဏာကို ပြန်လည် ထူထောင်နိုင် အောင် ကျိုးပမ်းကြရပါမယ်။
ရန်သူစစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ဖျက်ရာမှာ အထိရောက်ဆုံးနဲ့ အလျှင်မြန်ဆုံး နည်းနာကိုရွေး ချယ် ကျင့်သုံး ရပါမယ်။  လက်ရှိအဖြစ်အပျက်တွေဟာ စစ်အာဏာရှင် ဖြိုချရေး အတွက် မလုံလောက်သေး တာ ကြောင့် စစ်အာဏာရှင်တွေ လက်ရဲ ဇက်ရဲ ဖိနှိပ်ယမ်းကားနေတာပါ။ ဒီတော့ ကျွန်တော်တို့ ပြည်သူတွေ အနေနဲ့  စစ်အာဏာဆန့်ကျင်ရေးလှုပ်ရှားမှုကို အရှိန်မြှင့် လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။
မတွေဝေကြနဲ့ တော်လှန်ရေးဟာ တရားတယ်။
လူထုအတွက် တိုက်ပွဲဝင်ကြ။
လူထုအစိုးရပေါ်ထွန်းရမယ်။

ဦးအေးဆောင်
မေ ၂၁၊ ၂၀၁၅။






0 comments: