ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Thursday, December 18, 2008

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) အနှစ် ၂ဝ မြောက်မွေးနေ့အတွက် သဝဏ်လွှာ


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ)
အနှစ် ၂ဝ မြောက်မွေးနေ့အတွက် သဝဏ်လွှာ

မကဒတ ရဲဘော်အပေါင်းတို့ -
ရဲဘော်တို့ဟာ ကြမ်းတမ်းခက်ထန်တဲ့ အနှစ်နှစ်ဆယ်ဆိုတဲ့ ခရီးရှည်တခုကို ဖြတ်သန်းလာခဲ့ပြီးပီ ဆိုတဲ့အသိနဲ့ ဂုဏ်ယူကြစေချင်ပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင် စံနစ်တိုက်ဖျက်ရေးလုပ်ငန်းက မအောင်မြင်သေးဘူး။ အခုဆို ရဲဘော်တို့ဟာ တော်လှန်ရေးဆိုတာကို တစုံတရာ မြည်းစမ်းပြီးပီလို့လဲ ပြောနိုင်တယ်။ ရဲဘော်တို့ သိလာ ကြတဲ့အတိုင်း တော်လှန်ရေးဟာ လွယ်ကူတဲ့ အလုပ်မဟုတ်ဖူးဆိုတာကို အလေးအနက် ထားစေချင်တယ်။ သမရိုးကျအသိလောက်၊ ခံယူချက်လောက်နဲ့ မရတာကို သိလာကြခဲ့ပြီ၊ ဒီတော့ တော်လှန်ရေးအောင်ချင်တဲ့၊ အများအကျိုးလုပ်ချင်တဲ့၊ စစ်အာဏာရှင်ကို ဖယ်ရှားချင်တဲ့ တို့တတွေဟာ တော်လှန်ရေးအောင်ပွဲရရေးအတွက် တော်လှန်ရေးခံယူချက်၊ တော်လှန်ရေးသမားတွေရဲ့ အကျင့်တွေကို လေးလေးနက်နက်လေ့လာပြီး ပိုမိုပီသ ထက်မြက်အောင် ပြင်းပြင်းထန်ထန် ကျင့်ကြံကြဖို့ လိုသေးတယ်။ အရင်အတိုင်း ပေါ့ပေါ့ပါးပါးနဲ့တော့ မရနိုင်ဘူး
ဆိုတာအခြေအနေကတို့ကို သင်ပေးနေတယ်။

ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေတဲ့ မကဒတ ရဲဘော်တို့ဟာ လူမျိုးရေး အခြေခံတွေကို ကျော်လွန်တယ် ဆိုတာကို တို့အလေးအနက်သိရမယ်။ ဒါကြောင့်ဘဲ တို့နိုင်ငံရဲ့ ဘယ်ဒေသ ဘယ်နေရာမှာရောက်ရောက် တို့တ တွေဟာ သဘောထားကြီးပြီး အမြင်ကျယ်ဖို့ လိုအပ်တယ်။ ဒီနေ့ခေတ်စကားနဲ့ပြောရရင် လုပ်ငန်းကို ဒေသ အလိုက်လုပ် - ရည်မှန်းချက်က လူမျိုးစုံအတွက်၊ ဒီမိုကရေစီရေးအတွက် ဆိုတာ မျက်ခြေမပြတ် အမြဲရှိရမယ်။

ဒီနေ့ မကဒတရဲ့ ချမှတ်ထားတဲ့ လူထုတိုက်ပွဲ လက်နက်ကိုင်တိုက်ပွဲလမ်းစဉ် ဟာ ဒီနေ့ပြည်သူတွေရဲ့ လိုလား ချက်နဲ့ တထပ်ထည်းဖြစ်တယ်။ ပြည်သူတွေရဲ့ ထွက်ရာလမ်းဟာ ဒီလမ်းစဉ်ဘဲ။ တခြားလမ်းစဉ်တွေဟာ အခု အခါမှာ ချွတ်ခြုံကျကုန်ပြီ။ အလုပ်မဖြစ်တော့ဘူး။ ရှေးရှေးက တော်လှန်ရေးလုပ်ခဲ့သူတွေဟာ ရန်သူနဲ့ မစေ့စပ် မဆွေးနွေးတတ်လို့ မဟုတ်ဘူး။ ဖိနှိပ်အုပ်ချုပ်သူတွေဆိုတာ စကားနဲ့ပြောတာလောက်နဲ့ မဖယ်ရှားနိုင်မှန်း သိခဲ့လို့ လက်နက်ကိုင်တော်လှန်ခဲ့ကြရတာပါ။ ဒီနေ့ နအဖလို အမျိုးသားစိတ်မပြောနဲ့ လူစိတ်တောင် ကင်းတဲ့ စစ်အာဏာရှင် သန်းရွှေတို့ အုပ်စုကိုဆို ပိုဆိုးသေးတယ်။

စကားပြောလို့ အရာထင်စရာ အကြောင်းမရှိတော့ဘူး။ ဒီတော့ ပြည်သူ့အားနဲ့၊ တော်လှန်တဲ့နည်းနဲ့ တိုက်ဖျက် ဖြုတ်ချဖို့သာရှိတယ်။ အဲဒီ ခက်ခဲတဲ့တာဝန်က တို့တတွေ မဖြစ်မနေထမ်းဆောင်ရမှာဘဲ။ ဒါဟာ ဒီနေ့တော် လှန်ရေး တာဝန်ဘဲ။

မကဒတ ရဲဘော်အပေါင်းတို့ နအဖတပ်ဟာ လူထုရဲ့ချဉ်ပတ်ဖြစ်နေတယ်။ နအဖစစ်သားတွေလဲ စစ်တပ်ထဲမှာ မနေချင်ကြတော့ဘူး။ တလတလ ရာချီ ထွက်ပြေးနေတယ်။ နအဖစစ်တပ်ဟာ ပြည်သူလူထုကို ဖိနှိပ် တာက လွှဲလို့ ဘာမှ လူထုအတွ က် အကျိုးမရှိဘူး။ ဒီတပ်ဟာ တို့တတွေ စည်းရုံးရေးနည်း စစ်ရေးနည်းတွေနဲ့ တိုက်ပွဲ ဝင်ရင် သူတို့တတွေ ကျေပြုန်းသွားနိုင်ပါတယ်။ တို့တတွေသာ အားစိုက်ခွန်စိုက် လှုပ်ရှားနိုင်ရင် ပြည်သူ တွေရဲ့ စစ်အာဏာရှင် စနစ်တိုက်ဖျက်ရေးနဲ့ ဒီမိုကရေစီထွန်းကားရေး မျှော်လင့်ချက်တွေကို ရှင်သန်ခိုင်မာ လာစေ ပါလိမ့်မယ်။ ပြည်သူတွေရဲ့ အားကိုးမှုနဲ့ ထောက်ခံမှုကို ပိုမိုရရှိလာပါလိမ့်မယ်။

စစ်အာဏာရှင်စံနစ်ကို တိုက်ဖျက်ကြ။
ဒီမိုကရေစီမုချရ ရမယ်။
ဦးဆောင်ကော်မီတီ။
ပြည်သူ့လွတ်မြောက်ရေးတပ်ဦး။
နိုဝင်ဘာ ၃၁ ။ ၂ဝဝ၈။