ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Monday, May 6, 2013

ပြဿနာ၏ အရင်းအမြစ်



ပြဿနာ၏ အရင်း အမြစ်
မြန်မာပြည်မှာ ဖြစ်နေတဲ့ ပြဿနာတွေထဲက အဓိကပြဿနာဟာ ဖိနှိပ်သူ ကြံ့ဖွတ် စစ်အာဏာရှင် စစ်ဗိုလ်ချုပ်လက်တဆုတ်စာနဲ့ သူ့လက်ပါးစေလက်ဝေခံ အစွယ်အပွါး တွေကတဖက်၊ ဆင်းရဲသားအလုပ် သမားလယ်သမား စာရေးစာချီ ၀န်ထမ်း၊ လူမျိုးစုံ အဖိနှိပ်ခံ ပြည်သူဧရာမအများစုလူထုကြီးကတ  ဖက် ဖြစ်နေတဲ့ ပဋိပက္ခ သာဖြစ်တယ်။ ဒါကို ရှင်းရှင်းမြင်မှသာ ဒီနေ့ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့ ကိုင်တွယ် နိုင်လိမ့်မယ်။ အရှင်းဆုံးပြောရရင် အာလာဒင် မီးခွက်ထဲက လွတ်ထွက်နေတဲ့ စစ်အာဏာရှင် ဘီလူးကို မီးခွက်ထဲ ပြန်ထည့်နိုင်မှ ပြဿနာ အများစု အေးမယ်။ အခုတော့ ဘီလူးက လူယောင်ဆောင်ပြီး လူလူချင်း သွေးကွဲအောင်အမျိုးမျိုးဖန်တီးနေတော့ဘီလူစီးလူ့စည်း ရောနှောနေတော့ လူသာမန်တွေအတွက် ဝေခွဲရခက်၊ ဖြေရှင်းရခက်နေသလို၊ ပြဿနာတွေက ဖွပြီးရင်း ဖွ၊ ပွါးပြီးရင်း ပွါးနေတော့တယ်။
ပြဿနာတွေဟာပြည်တွင်းကအမျိုးသားအတွင်းမှာဖြစ်နေတော့ ဒါဟာ လူတန်စား ပြဿနာ အဖြစ် ရှင်းရှင်း မြင်ရမယ်။ အဲဒီလို မမြင်နိုင်အောင်၊ ရှုပ်ထွေးအောင်၊ တွေဝေအောင် လုပ်ဖို့ရာက စစ်အာ ဏာရှင်တွေ၊ ဖိနှိပ်အုပ်ချုပ်သူတွေ အပေါ် အမြဲသုံးနေတဲ့ ပရိယာယ်ဘဲ။ အဖိနှိပ်ခံ လူတန်းစားအတွင်း မညီညွတ်အောင်၊ တော်လှန် သူတွေ အတွင်း မညီညွတ်အောင်၊ ခွဲတွေ့ ၊ခွဲစေ့စပ်၊ တဖွဲ့နဲ့တဖွဲ့ ရန်တိုက် သွေးခွဲအုပ်ချုပ် နည်းနဲ့ အမြတ် ထုတ်နေတာတွေဟာ အင်မတန်ရိုးစင်းတဲ့ စံနစ်ပါ။ ဒါပေ မဲ့ နိုင်ငံရေးအမြင် အားနည်းတဲ့ လူထုတွေ၊ လက်တံများတဲ့ အစိုးရယန္ဒယားတွေ၊ လက်သပ်မွေးထားတဲ့ လက်ကိုင်ဒုတ်တွေ ဖေါက်ပြန်တဲ့ အုပ်ချုပ် ရေးစံနစ်တွေကြောင့် ပြည်သူလူထုတွေဟာ မလိုအပ်ဘဲ မလိုမုန်းထားမှုတွေ၊ အဓိကရုဏ်းတွေ၊ သေကျေ ပျက်စီးမှုတွေ၊ ဘ၀ မလုံခြုံ မှုတွေကို ကြေကွဲစွာ ခံစားကြရတော့တယ်။
အပေါ်ယံ ကွဲပြားမှုတွေ အပေါ်မှာ ခွဲခြားပြီး ဖိနှိပ်သူတွေက အမြတ်ထုတ် သွေးစုတ်နေမှာဘဲ။အဖိနှိပ်ခံတွေအချင်းချင်း ဖြစ်တယ်ဆိုတာကို မြင်နိုင်အောင် လူတန်းစားအသိ ရှိဖို့ လေ့လာဆည်း ပူးအပ်တယ်။ ဖိနှိပ်ခံ အချင်းချင်း ပဋိပက္ခ မဖြစ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ သပ်လျှိုသူတွေကို ဖေါ်ထုတ် ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေကိုကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ကြရမယ်။  ရန်ကုန်ကလူငယ်တွေရဲ့အဓိကရုဏ်း တားဆီးရေး လုပ်ဆောင်နေတာတွေဟာ အားပေးသင့်တဲ့ လှုပ်ရှား မှုဖြစ်တယ်။ယုံကြည်မှု အရဖြစ်နေတဲ့ ဘာသာတခုကို တခြားဘာသာတခုက အကြမ်းဖက် ပြောင်းလဲလို့ ရနိုင်ရိုးမရှိပါ။ အကျိုးအကြောင်း လျှော် ညီစွာနဲ့သာ အပြောင်းအလဲ ဖြစ်နိုင်ပါတယ်။
စစ်အာဏာရှင် စံနစ် တိုက်ဖျက်ရေး လူတန်းစားတိုက်ပွဲ ကာလမှာ အဖိနှိပ်ခံညီညွတ်ရေး ဘုံရန်သူစစ် အာဏာရှင်ကို ၀ိုင်းတိုက်ရမည့်ကာလမှာ လူမျိုးစွဲ၊ ဘာသာစွဲ၊ ဒေသစွဲ၊ ဂိုဏ်းဂဏစွဲတွေ ကို ကျော်လွှား ဘေးဖယ်နိုင်အောင် ကျွန်ုပ်တို့ လေ့လာလေ့ကျင့်နေရပါလိမ့်မယ်။
အဓိက ဘုံရန်သူကို မတိုက်ဖျက်နိုင်မချင်း ဖိနှိပ်သူ စစ်အာဏာရှင်တွေဟာ သူ့အာဏာကို ဖက် တွယ်ထားနိုင်ရေးအတွက်တပြည်လုံးကိုမီးလောင်တိုက်သွင်းဖို့ဝန်လေးမှာမဟုတ်ကြောင်း ဖြစ်စဉ်တွေက ပြနေတယ်။ အဖိနှိပ်ခံ ပြည်သူတွေဘက်က ပြင်းထန်တဲ့ တိုက်ပွဲတွေနဲ့ တုန့်ပြန်တိုက်ခိုက်ပြီး စစ်အာဏာရှင် ကို ဖြုတ်ချနိုင်မှသာ  ဘာသာရေး၊ လူမျိုးရေး၊ လယ်သမားအရေး၊အလုပ်သမားရေး၊ စားဝတ်နေရေး၊ ဘ၀လုံခြုံ ရေးတွေ ကို ပြည်သူတွေအတွေအနေနဲ့ ကိုယ်တိုင်ဖန်တီး တည်ဆောက်နိုင်ကြမှာ ဖြစ်ပါတယ်။ စစ်အာဏာ ရှင်တွေ ရှိနေသ၍ ပဋိပက္ခ သံသရာနှင့် အဓိကရုဏ်းသံသရာက ကင်းလွတ်စရာမရှိ။ ဒါကြောင့် အဖိနှိပ်ခံတို့ စစ်အာဏာရှင်ထောင်ချောက်အောက်က လွတ်ပြီး လက်ပံတောင်း ကာကွယ်ရေး၊ လယ်လုပ်သူလယ်ပိုင်ရေး၊ ဒီမိုက်ရေစီရေး စတဲ့ အဖိနှိပ်ခံတို့ရဲ့ တော်လှန်ရေး လမ်းကြောင်း ပေါ် ချီတက် တိုက်ပွဲဝင်ဖို့ နိုးဆော် လိုက် ပါတယ်။
အဖိနှိပ်ခံတို့ ညီညွတ်ကြ။
ဘုံရန်သူ စစ်အာဏာရှင်ကို ၀ိုင်းတိုက်ကြ။
တော်လှန်ရေးမုချအောင်ရမယ်။

ဦးအေးဆောင်
မေ ၂၀၁၃။

Tuesday, April 30, 2013

လက်ပံတောင်းလှုပ်ရှားမှုကို ဖြန့်ကျက်ကြ။



လက်ပံတောင်းလှုပ်ရှားမှုကို ဖြန့်ကျက်ကြ။
လက်ပံတောင်း ကြေးနီစီမံကိန်းကို ကြံ့ဖွတ်အစိုးရက မသမာတဲ့နည်းနဲ့ ဆက်လက်လုပ်ဆောင်နေ တယ်။ သူ တို့ကို အားပေးနေသူက စုံစမ်းရေး ကော်မီရှင်ဘဲ။ စစ်အာဏာရှင်တွေဟာ စစ်မြေရှင် ပဒေသ ရာဇ် စံနစ်ကို ဗြောင်ကျင့်သုံးနေတာကိုလည်း လက်ပံတောင်းမှာ ကွက်ကွက်ကွင်းကွင်း မြင်နိုင်တယ်။ အခုတော့ သေနတ်နဲ့ ပစ်ပြတဲ့ အဆင့်ကို ရောက်လာတယ်။ လယ်သမား ပြည်သူတွေ အတွက် ပိုမိုကြီးမားတဲ့ ခြိမ်း ခြောက် ဖိနှိပ် မှုတွေကို ရင်ဆိုင်လာရတော့မယ်။
လက်ပံတောင်းကြေးနီစီမံကိန်းကတရုတ်စီမံကိန်းအများအပြားတွေထဲကတခုသာဖြစ်တယ်။ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်းနဲ့ စာရင် မဖြစ်စလောက်ဘဲ။ လက်ပံတောင်းစီမံကိန်းဟာ တရုတ်တို့ရဲ့ သဘော ထား ကို ထင်ဟပ်သရုပ်ဖေါ်တဲ့ နေရာ ဖြစ်လာတယ်။ မြန်မာ ပြည်သူလူထုအတွက် အမျိုးသား လက္ခဏာ ဘော ဆောင်လာနေတယ်။တရုတ်ကုပ္မဏီဟာလက်ပံတောင်းကဆုတ်ခွါခြင်းဖြင့် မြန်မာလူထုအပေါ် စိတ်ကောင်းစေတနာပြသင့်ပါတယ်။တခြားအကျိုးစီးပွါးတွေအတွက် ကောင်းမွန်တဲ့အကျိုးတွေသက်ရောက်နိုင်တယ်။
လက်ပံတောင်း ပြဿနာက စီပွါးရေးနဲ့ အမျိုးသားရေး၊ ငွေနဲ့ သိက္ခါ တို့ရဲ့ တိုက်ပွဲဖြစ်တယ်။ ကြံ့ ဖွတ်အစိုးရက သူတို့ စစ်အာ ဏာရှင်ဗိုလ်ချုပ်တွေရဲ့ အကျိုးစီပွါးဦးပိုင်လုပ်ငန်းကာကွယ်နေ တာကို နိုင်ငံ့ သိက္ခါ လိုလို ဖြစ်အောင် ပြောနေ တယ်။ သူတို့ဟာ နိုင်ငံတော် ဆိုတာ သူတို့ ပိုင် ပစ္စည်းအဖြစ် သဘောထားခဲ့တာ ကြာပါပြီ။ လူထုဟာ လက်ပံတောင်းမှာ အလျှော့ပေးလို့ ရနိုင်တဲ့ အခြေအနေမ ရှိတော့ဘူး။ ဘယ်လိုတန်ခိုး ရှင်ဘဲ ဖြစ်ဖြစ် လက်ပံ တောင်းမှာ မှတ်ကျောက်တင်ခံရတော့မယ်။
ဘယ်လိုစာချုပ်တွေဘဲဖြစ်ဖြစ် အထူးသဖြင့် စစ်အာအာရှင်တွေချုပ်တဲ့ စာချုပ်တွေဟာ ပြည်သူက အာမခံဖို့ မလိုအပ်ဘူး။ စီပွါးရေး အမြင်ရှိသလိုလို၊ ပညာရှင်လိုလို၊ ဘဏ်လုပ်ငန်းကျွမ်းကျင်သူလိုလို ဟာတွေက နံမည်တို့၊ ကတိတို့အကြောင်းပြောလာနေကြတယ်။ စီးပွါးရေးမှာ အမြတ်ရမယ်ဆိုရင် ဘာကိုမှ ဂရုစိုက်လေ့ မရှိတာဘူး အကြောင်းတခုခုပြပြီး တခြားကုပ္မဏီက စီးပွါးရေးလာပြန်လုပ်မှာဘဲ။ အခုလို စီပွါးရေးကာဒ် ဆိုက်နေတဲ့ ကာလမှာဆို စီပွါးရေး အခွင့် အလမ်းအတွက် အပြိုင်အဆိုင် အလုအယက်ကို သိက္ခါမဲ့ ရှာကြံ နေကြတာပါ။ ဒီတော့ ကုမ္ပဏီ အသစ်တွေ့ဖို့ ဘာမှ ပူစရာမလိုပါဘူး။ ဒါက မ္ဘာ့ စီပွါးရေး အကြောင်းပြောတာပါ။
ကျွန်တော်တို့ မြန်မာပြည်က စီပွါးရေး အရ သေရေးရှင်ရေး အကြပ်ဆိုက်နေလို့လား။ အောက် ခြေလူ ထုတွေက စားရမဲ့၊ သောက်ရမဲ့ နေရမဲ့ သေရမဲ့ ဖြစ်နေတာ။ သူတို့ဘ၀တွေပျက်စီးနေရတာ သူတို့ ဘ၀တွေကို အဖျက်ဆီးခံရလို့ပါ။ သူတို့ဘ၀တွေကို ပို မကောင်းလာရင်တောင် အနှောက်အယှက်မပေးမိဖို့ လိုအပ်ပါတယ်။ ဒါဟာ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံတို့ အကျင့်လက္ခဏာကို ခွဲခြားတဲ့ စည်းမျဉ်းပါဘဲ။ ဖိနှိပ်သူတွေဟာ မဖိနှိပ်ရရင် နေလို့ မရပါဘူး။ ခြင်တွေ လူမကိုက်ရင် မနေနိုင်သလိုပေါ့။ ဒီတော့ ဖိနှိပ်သူတွေရှိသမျှ ဖိနှိပ်ခံတွေ က တိုက်ပွဲ ၀င်နေရမှာဘဲ။
လက်ပံတောင်းဟာဦးပိုင်နဲ့ဝမ်ပေါင်အကျိုးသာဖြစ်ကြောင်းလက်ပံတောင်းကလူထုတွေ ကောင်း ကောင်း သိပါတယ်။ ကျွန်တော်တို့က ဘယ် သူ့ အကျိုးကို ဦးစားပေးရမလဲ၊ လူထုအကျိုးကို ဘဲ ဦးစားပေး ရမယ်ဆိုတာ ပယောဂ မဖက်တဲ့ သူတွေတိုင်းနားလည်နိုင်တယ်။ ဒီတော့ အဖိနှိပ်ခံတို့ရဲ့ တိုက်ပွဲကို အောင် ပွဲခံနိုင်အောင် ဘဲ ကျွန်တော်တို့ ကျိုးပမ်းရတော့မယ်။
လက်ပံတောင်းလူထုတိုက်ပွဲဟာ တရားတဲ့ တိုက်ပွဲ ဖြစ်တယ်။ ဒီတိုက်ပွဲကို ခုခံဆန့်ကျင်သူတွေဟာ လူထုဆန့်ကျင်ရေးသမားတွေဘဲ။ လူထုဆန့်ကျင်ရေး သမားတွေကို လူထုက ဆန့်ကျင်တာဟာ တရား တယ်။ သမိုင်းမှာ အကြမ်းဖက်မှုကိုဖိနှိပ်သူတွေကစတင်ကျင့်သုံးတာချည့်ဘဲ။ဝါဒဖြန့်စက်နဲ့လက်နက်တွေကို ချုပ်ကိုင်ထားတဲ့ အုပ်စိုးသူဖိနှိပ်တွေဟာ လူထုအပေါ် သမာသမတ် ပြုကျင့်လေ့ မရှိပါဘူး၊။ ကိုယ့်လယ်ကို မထွန်နိုင်အောင် တားမြစ်တာဟာ လူထုဘ၀ရှင်ငန်ရေးကို တားဆီးပိတ်ပင် တာပါဘဲ။ ဒီတော့ ကြန့်ဖွတ်ဟာ  လူထုကို ဖိနှိပ် ချိုးနှိပ်နေတာသာဖြစ်တယ်။ လူထုဘက်ကလည်း အကြမ်းဖက် တုန့်ပြန်မှု အပါအ၀င် အရာ အားလုံးဟာ ဘ၀ရှင်သန်ရေးအတွက် တရားဝင်လာတော့မယ်။
ဒီနေ့ ကြံ့ဖွတ်အစိုးရ ကျင့်သုံးနေတာ ပုဂ္ဂလိက ပိုင်ဆိုင်မှုကို အသိအမှတ်ပြုတဲ့ အရင်းရှင်စံနစ်ကို သွားနေတာ မဟုတ်ဘူး။စစ်တပ်နဲ့ ချုပ်ကိုင်ထားတဲ့၊ လယ်သမားတွေရဲ့  မြေယာတွေကို မတရားသိမ်းပြီး သီးစားချထားတဲ့ ပုံစံနဲ့ နိုင်ငံ့ စီးပွါးရေးကို ချယ်လှယ်နေတာသာဖြစ်တယ်။ သူတိုဟာ အရင်းရှင် မဟုတ်ဘဲ စစ်ပဒေသရာဇ်တွေ သာဖြစ်တယ်၊ သူတို့မှာ စစ်တပ်နဲ့ မြေယာကို အဓိက အခြေပြုတဲ့ စစ်ပဒေ သရာဇ်ဖြစ်တော့အရင်းရှင်စံနစ်ရဲ့လွတ်လပ်တိုးတက်မှုဆိုတာတွေဟာဒီကြံ့ဖွတ်စစ်ပဒေသရာဇ်တွေကြောင့် များစွားအနှောက် အယှက်ဖြစ် နေရတယ်။ တကယ်နိုင်ငံကို အရင်းရှင်စံနစ်အရှိန်အဟုန်နဲ့ တိုးတက်ချင်ရင် ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်၊ လူအခွင့်အရေး၊ လယ်လုပ်သူလယ်ပိုင်ရေး၊ လွတ်လပ်တဲ့ နိုင်ငံရေး အခင်းအ ကျင်း ဖြစ်တဲ့ လွတ်လပ်စွာ အစည်း အရုံး အသင်းအပင်းထူထောင်ခွင့်တွေရှိကိုရှိရမယ်။ ဒါမှမဟုတ်ရင် စစ်ပဒေရာဇ်အောက်မှာ အရင်းရှင်စံနစ်ထူ ထောင်နေသလိစစ်ပဒေသရာဇ်လောင်းရိပ်အောက်ကထိပ်တုန်း ခတ် ဒီမိုကရေစီဘဲ ဖြစ်နေမယ်။
တရုတ်အစိုးရ အနေနဲ့ နိုင်ငံရေးပါတီကခေါင်းဆောင်တချို့ကို ရုတ်ပြည်ဖိတ်ပြီး စည်းရုံးနေတာဟာ တရုတ်အစိုးရအနေနဲ့ ကြံ့ဖွတ်အစိုးရအပေါ် ယုံကြည်မှုလျှော့နည်းလာတာကို ပြသသလို သူတို့အကျိုးစီးပွါး ဟာ အန္တရာယ်ကျရောက်နိုင်တယ်ဆိုတာကို တွက်ဆမိလို့ ဖြစ်နိုင်ပါတယ်။
စစ်အာဏာရှင်စံနစ်အောက်က ရုန်းထွက်တဲ့ လှုပ်ရှားမှုတွေရဲ့ အဓိကကျတဲ့ ရှစ်လေးလုံးလှုပ်ရှားမှု ဟာ လက်နက်ကိုင် လမ်းစဉ်အဆင့်အထိ ပေါက်ရောက်ခဲ့တယ်။ ဒါပေမဲ့ လက်နက်ကိုင်လမ်းစဉ်ရဲ့ အနှစ်သာရကို မဆုတ်ကိုင်မိဘူး။ အခုလည်းလက်ပံတောင်း အရေးဟာ လူထုကို လက်နက်လမ်းစဉ် ဘက်ကို တွန်းပို့နေသလို ဖြစ်လာနေတယ်။ ဒါဟာ ကြံ့ဖွတ်ရဲ့ ဗျူဟာဆိုရင် လက်ပံတောင်းလူထုက ကိုယ့်ကိုယ်ကို ပြင်ဆင်ကြရတော့မယ်။ သေနတ်နဲ့ပစ်ရင်ဝပ်မှောက်တတ်ဖို့။ပုန်းခိုတတ်ဖို့ လေ့ကျင့်ရတော့မယ်။ ပြန်လည်ခုခံနိုင်အောင် ဘာလုပ်ကြရမလဲ စဉ်းစားထားသင့်တော့တယ်။
နိုင်ငံရေးအရ တရုတ်ဆန့်ကျင်ရေး မဟုတ်ပေမဲ့ တရုတ်ကုန်ကို စတိ သပိတ်မှောက်တဲ့ အလုပ်တွေကို စဉ်းစားရမယ်။ လက်ပံတောင်းမှာ ဖိနှိပ်တဲ့ ရဲတပ်တွေ ကို လူထုသိအောင်ဖေါ်ထုတ်ပြီး အပြစ်တင်ရှုတ်ချရ မယ်။ မြို့ကြီးပြကြီးတွေက လူထုတွေအနေနဲ့ လက်ပံတောင်းက လူထု မတရား ဖိနှိပ်ခံနေရတာကို စာနာ ထောက် ခံကြောင်း ပြသတဲ့ လှုပ်ရှားမှုတွေ ကို စည်းရုံးလုပ်ဆောင်သင့် ပါတယ်။လက်ပံတောင်းမှာ ရက်စက်မှု တွေ ဆက် ဖြစ်လာရင် တရုတ်ကုန် ဆန့်ကျင်ရေး လူထု လှုပ်ရှားမှု အသွင်နဲ့ တုန့်ပြန်ရတော့မယ်။
ကြံ့ဖွတ်စစ်အာဏာရှင်တွေနဲ့ ပူးပေါင်းပြီး လူထုကို ဖိနှိပ် ၊လိမ်ညာလှည့်ဖြားနေတဲ့ ဖေါက်ပြန် သူအခွင့် အရေးသမား တွေကိုလည်း မလွဲမသွေ ဖွင့်ချ ဆန့်ကျင်ကြရတော့မယ်။ လူထုဟာ ကိုယ် ခံစားရတာကိုမှ ကိုယ် တိုင်ပြောပိုင်ခွင့် မရှိရင် ကျွန်တော်တို့ဟာ လူပီပီသသ မှ ဟုတ်ပါဦးမလား ဆန်းစစ်ရတော့မယ့် အချိန် ပါ ဘဲ။
စစ်ပဒေသရာဇ်စံနစ်ဟာ အင်မတန် ဖိနှိပ်ချုပ်ချယ်ပါတယ်၊ကုန်ထုတ်လုပ်ရေး ဖြစ်စဉ်အားလုံး မှာ အတားအဆီး အပိတ်အဆို့တွေလုပ်နေသလို လယ်ယာစိုက်ပျိုးရေးကိစ္စ၊ လူထုဆက်သွယ်ရေးကိစ္စ၊ လျှပ်စစ် မီးကိစ္စ၊သတင်းမီဒီယာကိစ္စ ကအစ များစွာသော အခက်အခဲ အပိတ်အဆို့တွေကို လုပ်နေတုန်းပါဘဲ။ ဒီစံနစ် ဟာ ခေတ်ကိုဆန့်ကျင်နေသလို လူထုတွေရဲ့ တိုက်ဖျက်မှုကို မလွှဲမသွေ ခံရမှာပါ။
လူထုအကျိုးကိုသယ်ပိုးကြ။
လက်ပံတောင်းကို ၀ိုင်းရံကြ။
ဖေါက်ပြန်သူကို ဖွင့်ချတိုက်ခိုက်ကြ။
တော်လှန်ရေး မုချအောင်ရမယ်။

ဦးအေးဆောင်
ဧပြီ ၂၈၊ ၂၀၁၃။